သီပေါ စက်တင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့မစျေး၊ ဝက်ဝံယာယီပျံကျစျေး၊ မီးပွိုင့်လမ်းဆုံများ၊ ရပ်ကွက်(၁၁)ရပ်ကွက်နှင့် မြို့အနီးနားပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီပေါမြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ မိမိနေအိမ်တွင်သာ နေထိုင်ရန်၊ လူစုလူဝေးဖြင့် ကျင်းပပြုလုပ်သည့် ပွဲလမ်းသဘင်များ၊ အခမ်းအနားများ မပြုလုပ်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းများ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် စျေးများ၌ စျေးရောင်းစျေးဝယ် ပြုလုပ်ရာတွင် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျ စက္ကန့် (၂၀)ကြာ ဆေးကြောရန်၊ Social Distancing ကို တိတိကျကျလိုက်နာကြရန် စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ရခိုင်ပြည်နယ်၌ ပြည်တွင်းကူးစက်မှုဟု ယူဆရသော ကိုဗစ်−၁၉ ရောဂါ အတည်ပြုလူနာများ တွေ့ရှိခဲ့ရပြီး ၄င်းတို့မှတစ်ဆင့် အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပျံနှံ့ကူးစက်မှု များပြား လာသည့်အတွက်ကြောင့် ယခုလိုလိုက်လံအသိပညာပေး နှိုးဆော်ရခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့်အား ဆက်လက်လိုက်နာကြရန်၊ လိုက်နာမှုမရှိသူများအား တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး ဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)