ဟိုပန်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်

ဟိုပန် ဇူလိုင် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းကာ သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်မှ တစ်ဆင့်ဖြစ်ပွားစေတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက် ၁၀ နာရီက မူလတန်းကြိုကျောင်းများ၌   ခြင်ဆေးဖျန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ခြင်ဆေးဖျန်းရာတွင် ဟိုပန်မြို့နယ်၊ ​မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိန်ခိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရုံးကုန်းရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ မူလတန်းကြိုကျောင်းနှင့် ဈေးရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်  မူလတန်းကြိုများ၌ မူကြို ကလေးငယ်များအား မိုးရာသီကာလတွင် ခြင်မှတစ်ဆင့်ဖြစ်ပွားစေတတ်သည့် ရောဂါများနှင့် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားမှုမရှိစေရေးအတွက် ကျောင်းဝန်းပတ်ဝန်းကျင်အတွင်းအပြင်နေရာများ၊ စာသင်ခန်းများ၊ ရုံးခန်းများနှင့် ကလေးကစားကွင်းစသည့် နေရာများ၌ ခြင်ဆေးဖျန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် မူကြိုကလေးငယ် (၉၄)ဦးနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းပိုင် မူလတန်းကြိုကျောင်းတွင် မူကြိုကလေးငယ် (၁၇)ဦးတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း ဟိုပန်မြို့နယ်၊ လူမှု ဝန်ထမ်း ဦးစီးဌာနမှ သိရသည်။

ဇင်ဇင်(​ပြန်/ဆက်)