ကျောက်မဲမြို့ပေါ်ရှိ ‌အခြေခံပညာကျောင်းများအား ကျန်းမာရေးဌာနမှ ခြင်ဆေးမှုတ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

ကျောက်မဲ ဇူလိုင် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများသည် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရှိ အခြေခံပညာကျောင်းတို့တွင် ခြင်ဆေး မှုတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်‌ ကျောင်းအတွင်း၊ အပြင် ခြင်ဆေးမှုတ်ပေးသည့် အပြင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်းများပါ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ်မိုးရာသီအတွင်း ကျောက်မဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၈ ဦးရှိပြီ ဖြစ်ကြောင်း၊ အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား‌စေသည့် ခြင်များခိုအောင်းနိုင်ခြင်း မရှိစေရေးတို့အတွက် ကျောက်မဲမြို့ပေါ်ရှိ အခြေခံပညာကျောင်း ၁၈ ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ၆ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၂ ကျောင်းတို့အား ဇူလိုင် ၃ ရက်နေ့ အပြီး ခြင်းဆေးမှုတ်ပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် လူအဝင်အထွက်များ သည့် ဈေးများကို လည်း ခြင်းဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)