ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု

စစ်တွေ ဇူလိုင် ၂

ရခိုင်ပြည်နယ်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းက စစ်တွေ မြို့ သန့်ရှင်းသာယာလှပရေးနှင့် ဌာနဆိုင်ရုံးများသန့်ရှင်း သာယာရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဝန်ထမ်းများက ရုံးတွင်း၊ ရုံးပြင်၊ ရုံးရှေ့ တို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတို့တွင် စုပေါင်း သန့်ရှင်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနရုံး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး ငါးမွေးမြူရေးကန်များ တွင် ငါးများ မွေးမြူထားရှိမှု၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ကမ်းခြေတွင် သောင်တင်ခဲ့သည့် ဝေလငါးပြာ၏ အရိုးစု များအား ထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဝေလငါး၏ အရိုးစုအား အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် စနစ်တကျ ထိန်းသိမ်းထားနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်တွေမြို့ပေါ်ရှိရုံးများ၌ ဌာနဆိုင်ရာဝန်ထမ်းများက မိမိတို့၏ ရုံးတွင်း၊ ရုံးပြင်၊ ရုံးရှေ့မျက်နှာစာများ သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး အမှိုက်များရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း