မင်္ဂလာဒုံ​မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မင်္ဂလာဒုံ ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် သင်္ကန်းကျွန်းကြီး စံပြကျေးရွာအတွင်းရှိ အထွေထွေ အုပ်ချုပ်ရေးမှူး သင်တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာရေးလုပ်ငန်းများဖြစ်သော ရေသိုလှောင် ကန်များအတွင်း ပိုးလောက်လမ်းများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပိုးလောက်လမ်းများ ပေါက်ဖွားမှု မရှိစေရန် အဘိတ်ဆေးခတ်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများတူးဖော်ခြင်း၊ ​ကျောင်းပတ်ဝန်းကျင်အတွင်း ခြင်ဆေး မှုတ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

မြတ်သူဇာ (မင်္ဂလာဒုံ)