ဆိပ်ကြီးခနောင်တို ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွံတေးတူးမြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းဒီဇိုင်းများနှင့် မြေယာလျော်ကြေးကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းမန်နေဂျာ(ညွှန်ကြားရေးမှူး) ဦးဇော်လွင်က တွံတေးတူး မြောင်းဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် စပ်လျဉ်း၍ စီမံကိန်းဆောင်ရွက်ရသည့် အကြောင်းအရင်း၊ ငွေကြေးဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ခဲ့မှုအခြေအနေ၊ စီမံကိန်းကြောင့် သက်ရောက်မှုများ၊ စီမံကိန်းကြောင့်ဒေသတွင်း ရရှိလာမည့် အကျိုးကျေးဇူးများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပရိုဂျက်တာဖြင့် ပြသ၍ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်မှ ဆွေးနွေးပြောကြားရာတွင် “တွံတေးတူးမြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် တွံတေး၊ ဒလ၊ ဆိပ်ကြီးခနောင်တို သုံးမြို့နယ် ပါဝင်ရာမှ မိမိတို့ဆိပ်ကြီးခနောင်တိုမြို့နယ်မှ စ၍ လုပ်ငန်စတင် အကောင်အထည်ဖော် ဆောင်ရွက်ရန် နေရာသတ်မှတ်ခြင်းကို ယခု ဇွန်လမှစ၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ စီမံကိန်းတွင် ပါဝင်သည့် လမ်းများဆောင်ရွက်ရာတွင် ယာဉ်သွားလာမှု အဆင်ပြေစေရန်လမ်းများ ချဲ့နိုင်သမျှချဲ့၍ ဆောင်ရွက် စေချင်ကြောင်း၊ စည်ပင် လျှပ်စစ် စသည့်သက်ဆိုင်ရာ ဌာနများမှလည်း ကြိုတင်ညှိနှိုင်း ပေါင်းစပ်တင်ပြဆောင်ရွက်ထားရန်လိုကြောင်း၊ စီမံကိန်းနှင့် ပတ်သက် ၍မြေယာလျော်ကြေး ကိစ္စများဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီ စနစ်တကျညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း၊ ဒေသခံရပ်မိရပ်ဖ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရန်လိုကြောင်း၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှလည်း ဒေသခံပြည်သူများအနေနဲ့ စီမံကိန်းနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းနယ်မြေတွင်ပါဝင်သည့် သက်ဆိုင်ရာမြို့နယ် ဌာနဆိုင်ရာများအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာဌာန အဆင့်ဆင့်သို့ ကြိုတင်တင်ပြဆောင်ရွက်ထားရန်လိုကြောင်း စသည်ဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက စီမံကိန်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး တင်ပြကြရာ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းမန်နေဂျာနှင့် တာဝန်ရှိသူများ ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွံတေးတူးမြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံ ကိန်းကို (၂၀၁၈ - ၂၀၁၉)မှ ၆၉ လ( ဒီဇိုင်းရေးဆွဲကာလ ၉ လ/ တည်ဆောက်ရေးကာလ ၅ နှစ်သတ်မှတ်ထားပြီး၊ ကိုးရီးယားနိုင်ငံ EDCF ချေးငွေအမေရိကန် ဒေါ်လာ(၆၁.၃)သန်း၊ မြန်မာအစိုးရမှ အမေရိကန်ဒေါ်လာ(၇.၉၄၂)သန်းဖြင့် စီမံကိန်းတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ(၆၉.၂၄၂)သန်းဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ ISAN Corporation တို့မှပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ စီမံကိန်းလုပ်ငန်းများအနေဖြင့် ရေလမ်းပြုပြင်ခြင်း(ကမ်းပြိုကာကွယ်ခြင်း၊ မြစ်ကြမ်းပြင်တိုက်စားမှု ကာကွယ်ခြင်း)၊ရေကြီး ရေလျှံမှု ကာကွယ်ခြင်း(ဒလ၊ တွံတေး၊ ဆိပ်ကြီးခနောင်တို)နှင့် အခြားဆက်စပ်လုပ်ငန်းများဖြစ်သည့် ရေဆိုးထုတ်လုပ်ငန်းများ၊ ပန်းခြံများတည်ဆောက်ခြင်း၊ ချဉ်းကပ်လမ်းများ တည်ဆောက်ခြင်း၊ ရေဆင်းတံတားများတည်ဆောက်ခြင်းစသည့်လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
ဝေယံ(IPRD)