ဟိုပုံးမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာအမှတ် ၁၅၉၂နှင့် ထိတွေ့ခဲ့သူများအား Home Quarantine ထားရှိ

ဟိုပုံး   စက်တင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ယမန်နေ့ မွန်းလွဲ၂ နာရီ အချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာအမှတ် ၁၅၉၂  အသက် ၂၆ နှစ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်၊ ကျောက်မြောင်းမြို့နေသူသည် မွေးဖွားရာဇာတိဖြစ်သည့် ဟိုပုံးမြို့၊ အနောက်ရပ်ကွက်၊ နယ်မြေ(၆)၊ နေအိမ်သို့ ဩဂုတ်လ ၃၀ ရက်တွင် ကိုယ်ပိုင်ကားဖြင့်  ရောက်ရှိလာခဲ့ကြောင်း၊  စက်တင်ဘာလ ၃ ရက်နေ့တွင် အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ထံမှ ခရီးသွားကျန်းမာရေး ထောက်ခံစာရယူခဲ့ကာ စက်တင်ဘာလ ၄ ရက်​နေ့၌ ဟိုပုံးမြို့မှ ဟဲဟိုးလေဆိပ်သို့ ထွက်ခွာခဲ့ပြီး ဟဲဟိုးလေဆိပ်မှတစ်ဆင့် ရန်ကုန်မြို့သို့ Golden  Myanmar airway လေကြောင်းလိုင်းဖြင့် လိုက်ပါသွားခဲ့ကြောင်း၊  နိုင်ငံခြားသို့ ခရီးထွက်ခွာရန် အစီအစဉ်ရှိသဖြင့် ကျန်းမာရေး စစ်ဆေးမှုခံယူခဲ့ရာမှ ရောဂါပိုးတွေ့ရှိသူဖြစ်ကြောင်း သိရသည်။

ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာခွန်ရွှေအုပ်နှင့် ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာအမှတ် ၁၅၉၂ နေအိမ်သို့သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊  နေအိမ် ပတ်ဝန်းကျင်အား ပိုးသတ်ဆေး ဖျန်းခြင်းတို့ကိုပြုလုပ်ဆောင်ရွက်ခဲ့ကြပြီးနောက် ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူ စုစုပေါင်း (၁၆) ဦးတို့ ကို ၎င်းတို့နေအိမ်များတွင် Lock Down ချ၍ Home Quarantine ထားရှိထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)