မြောက်ဥက္ကလာပ ဇူလိုင် ၂
မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်လ(၃)ရက်နေ့ရောက်တိုင်း မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသော အားဖြင့် မြန်မာအမျိုးသမီးများနေ့ကို ကျင်းပလေ့ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀နာရီက မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယ ဦးစီးမှူးဒေါ်လှလှထွေးက ဆွေးနွေးပြောကြားရာတွင် မြန်မာအမျိုးသမီးတို့သည် မြန်မာနိုင်ငံသမိုင်းဦးအစမှ ယနေ့ခေတ်အခါအထိ ဘာသာသာသနာ နိုင်ငံရေး၊ ပညာရေး၊ စာပေ၊ အနုပညာ၊ စီးပွားရေး စသည့်နိုင်ငံအတွက် အရေးပါသော အခန်း ကဏ္ဍများတွင် ပါဝင်ခဲ့ကြတာဖြစ်ပြီး အမျိုးသားများနှင့် ရင်ဘောင်တန်းကာ နိုင်ငံတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ခဲ့ကြသူများလည်းဖြစ်ကြောင်း၊ အမျိုးသားရေးလှုပ်ရှားမှုများ၊ နိုင်ငံတော်တည်ဆောက်ရေး လှုပ်ရှားမှုများတွင်လည်း ဇွဲစိတ်သန်သန် အနစ်နာခံကာ တိုင်းချစ်ပြည်ချစ်စိတ် အပြည့်အဝဖြင့် ဆောင်ရွက်ခဲ့တာကြောင့် မြန်မာနိုင်ငံအတွက် အမျိုးသားတို့က အုတ်တစ်ချပ်ဆိုလျှင် မြန်မာအမျိုးသမီးတို့က သဲတစ်ပွင့် ဟု သတ်မှတ်နိုင်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမ ဒေါ်သူဇာလှိုင်(ရဲဝင့်သူ)က ဆွေးနွေးရာတွင် မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသမီးများဘဝ လုံခြုံရေး၊ အမျိုးသမီးများဘဝ ပိုမို တိုးတက်ကောင်းမွန်လာစေရေး၊ ယနေ့ခေတ် မြန်မာအမျိုးသမီးများ ရင်ဆိုင်နေရသည့် အကြမ်းဖက်မှုများ အိမ်ထောင်သည် အမျိုးသမီးများ ရင်ဆိုင်နေရသည့် အိမ်တွင်း အကြမ်းဖက်မှု၊ မိန်းမပျိုလေးများ ကျား၊ မရေးရာတန်းတူညီမျှမှုနှင့် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်မှုများ၊ မြန်မာအမျိုးသမီးထု၏ခေတ်အဆက်ဆက် တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ် စွန့်စားခဲ့သည့်ပုံရိပ်များ နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသားများနဲ့တန်းတူ ရင်ဘောင်တန်း ဆောင်ရွက်မှုများ၊ မြန်မာအမျိုးသမီးများဘဝသာယာ လှပမှုများ၊ မြန်မာအမျိုးသမီးများ၏ ရပိုင်ခွင့်များ၊ အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးနိုင်ရန် မြန်မာအမျိုးသမီးထု တစ်ရပ်လုံးအတွက် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)