ပုသိမ်ကြီး၊ စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များနှင့်အညီ ဖွဲ့စည်းပြီးနောက်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်ဦးက ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ရခြင်းမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှုနှင့် ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ပါက အချိန်တိုအတွင်း ညှိနှိုင်းဆောင်ရွက်ဖြေရှင်းနိုင်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ရခြင်းအကြောင်း၊ ကော်မတီ၏လုပ်ငန်းတာဝန်များအကြောင်း၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်များအကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်များအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို အကြံပြုမေးမြန်းဆွေးနွေးကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဖြေကြားသည်။
မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကို ပုသိမ်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၁၆) ဦး၊ နိုင်ငံရေးပါတီ (၉) ခုမှ (၉) ဦး၊ တစ်သီးပုဂ္ဂလ (၂) ဦး၊ ဩဇာတိက္ကမရှိသူ (၅) ဦး၊ စုစုပေါင်း (၃၂) ဦးဖြင့်ဖွဲ့စည်းထားရှိပြီး ကော်မတီဥက္ကဋ္ဌအဖြစ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ အတွင်းရေးမှူးအဖြစ် ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ခင်စောယုသင်းနှင့် ကျန် (၃၀) ဦးက အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။
ဇာနည်ကိုကို