တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

တောင်ဥက္ကလာပ ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်‌ ရေးလမ်းညွှန်ချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိရာ မိုးရာသီကာလ၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ယနေ့ နံနက်ပိုင်းက အမှတ်(၇) အခြေခံပညာ အလယ်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းဝန်းအတွင်း ခြင်များ ခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်း ခြင်များ ပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သော ဘူး၊ ခွက်၊ တာယာ ဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်း/အပြင် ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး အတွက် ဆောင်ရွက်ခြင်း၊ ကျောင်းဝန်း အတွင်းရှိ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု ကင်းဝေးစေရေးအတွက် အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း၊ စာသင်ဆောင်များ အတွင်း ခြင်များ ခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ခြင်ဆေးများမှုတ်ပေးခြင်းစသည်ဖြင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)