တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ဇူလိုင် ၂

တောင်ကြီးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့် ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။

ဆုချီးမြှင့်ပွဲတွင် တောင်ကြီးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများမှ Fitness Dance အကဖြင့် ဖျော်ဖြေ ကြပြီး ပိုက်ကျော်ခြင်း နောက်ဆုံး ဗိုလ်လုပွဲအဖြစ် သမိုင်းဘာသာရပ်နှင့် ဥပဒေဘာသာရပ်အသင်းတို့ ယှဉ်ပြိုင် ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်၊ ကထိက၊ ပါမောက္ခဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ရှမ်းပြည်နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ အမှတ်တရ လက်ဆောင်များနှင့် ရှမ်းပြည်နယ် ပိုက်ကျော်ခြင်း ဆပ်ကော်မတီဒိုင်အဖွဲ့အား အမှတ်တရ လက်ဆောင် များကို တောင်ကြီးတက္ကသိုလ် တာဝန်ရှိသူများမှ ပေးအပ်၍လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ တောင်ကြီးတက္ကသိုလ်အားကစားနှင့် ကာယပညာကော်မတီသို့ အားကစားပစ္စည်းများ ပေးအပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ပေးအပ်ရာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီတင်မှ လက်ခံ၍လည်းကောင်း၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် နောက်ထိန်းအကောင်းဆုံးဆု ရိုက်ခုတ်ဆု၊ ပင့်ထောင်ဆုပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆု ရရှိသူများကို ဒုတိယပါမောက္ခချုပ် ဒေါက်တာနေမျိုး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကိုကိုနိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးတို့မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အသင်းလိုက်ပူးတွဲ တတိယဆုရရှိသော သတ္တဗေဒ ဘာသာရပ်အသင်းနှင့် ဓာတုဗေဒအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပြည်နယ်လူ မှုရေးဝန်ကြီးနှင့် တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်တို့မှ လည်းကောင်း၊ အသင်းလိုက်ဒုတိယဆုရရှိသော ဥပဒေဘာသာရပ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုတို့ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အသင်းလိုက် ပထမဆုရရှိသော သမိုင်းဘာသာရပ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုတံခွန်စိုက်ဖလားနှင့် Fitness Dance အဖွဲ့ကို ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အသီးသီးဆုများ ချီးမြှင့်ပေးကြကြောင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်မှ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆု ရရှိသူများကို ငွေကျပ်(၂)သောင်းစီ ထပ်ဆောင်းချီးမြှင့်ပေးကြကြောင်း သိရသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တောင်ကြီးတက္ကသိုလ်အားကစားနှင့် ကာယပညာကော်မတီသို့ ဘောလုံး(၃၀)လုံး၊ ဘော်လီဘော(၂၀)လုံး၊ ဘော်လီဘောပိုက်(၃)ခု၊ ခြင်းလုံး(၂၀)လုံး၊ ပိုက်ကျော်ခြင်း ပိုက်(၅)ခု စုစုပေါင်း တန်ဖိုးငွေ (ကျပ် တစ်ဆယ်သုံးသိန်းငါးသောင်းငါးထောင်) ရှိ အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)