ဒဂုံအရှေ့ ဇူလိုင် ၁
မြန်မာနိုင်ငံ၌ နှစ်စဉ်ဇူလိုင်လ (၃)ရက်နေ့တိုင်းတွင် မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြန်မာအမျိုးသမီးများနေ့ အသိပညာပေးအစီအစဉ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းအိမွန် က မြန်မာအမျိုးသမီးများနှင့် ပတ်သက်၍ လူသားခြင်းစာနာမှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် အမျိုးသမီးများသည် အဓိကဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးတို့သည် ကောင်းခြင်းငါးဖြာဖြင့် ယဉ်ကျေးသိမ်မွေ့ပြီး ကိုယ်ကျင့်တရားကောင်းမွန်ကြရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မွှေးမွှေး က မြန်မာအမျိုးသမီးများနေ့တွင် အနာဂတ်အမျိုးသမီးများဘဝ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် အမျိုးသမီးများအား ပြုစုပျိုးထောင်ရေးသည် မဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့နယ်တွင်အမျိုးသမီးများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲများ၊ သင်တန်းများပေးခြင်း၊ အမျိုးသမီးများ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပြီးနောက် အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ မြန်မာအမျိုးသမီးများအတွက် သိထားသင့်သောအရေးကြီးသောအချက်များ၊ အမျိုးသမီးယဉ်ကျေးမှုဂုဏ်ရည်မပျက်ယွင်း မချို့တဲ့စေရအောင် မိမိတို့အမျိုးသမီးဘဝကို တန်ဖိုးထားမြတ်နိုးတတ်စေရန်နှင့် ၂၀၂၂-ခုနှစ်၊ မြန်မာအမျိုးသမီးနေ့ဆောင်ပုဒ်မှာ ယနေ့ ကျား၊မရေးရာတန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏ အခွင့်အရေး၊ ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊လူ့အခွင့်အရေးများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများတွင် အခြေခံအကျဆုံးဖြစ်သည်ကို အသိအမှတ်ပြုထားသော ဆောင်ပုဒ်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။
ဝင်းအိမွန်(ပြန်/ဆက်)