သိန္နီမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲကျင်းပ

သိန္နီ ဇူလိုင် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များအား အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ အကြောင်း၊ မည်သို့ကျဆုံးခဲ့ရပုံ၊ လွတ်လပ်ရေးရရှိရန်အတွက် နိုင်ငံ့မျိုးချစ်ခေါင်းဆောင်များက ကိုယ်ကျိုးစွန့်အနစ်နာခံကာ အသက်သွေးချွေးများစွာရင်းပြီး ကြိုးစားခဲ့ရပုံ၊ လွတ်လပ်ရေး၏ အနှစ်သာရကို တန်ဖိုးထားထိန်းသိမ်းသင့်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့် နေ့ကိုမမေ့သင့်ကြောင်း ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ဆရာမ စုစုပေါင်း (၈၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စောဥမ္မာ(သိန္နီ)