ကျိုင်းတုံမြို့၌ မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်းဆောင်ရွက်

ကျိုင်းတုံ        စက်တင်ဘာလ    ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် စိုက်ပျိုးရေးဉီးစီးဌာနမှ တောင်သူများအား မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်စေရန်ရည်ရွယ်၍ (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မျိုးစေ့ထုတ် စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီ က မိုင်းဇင်း ကျေးရွာအုပ်စုနေ တောင်သူဦးကျဟဲ၏ ကွင်းအမှတ် (၁၀၇)၌ ပြုလုပ်သည်။

ရှေးဦးစွာ   ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဦးထွန်းလှ က မျိုးစေ့ထုတ်စိုက်ခင်း မျိုးကွဲပယ်ခြင်းလုပ်ငန်း လာရောက်လေ့လာသူ တောင်သူများအား မျိုးကွဲနုတ်ပယ်သည့်နည်း စနစ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများ က စိုက်ခင်းအတွင်း မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ  မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းအားဖြင့် တောင်သူ များ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ခြင်းနှင့် မူလမျိုးဖြစ်သဖြင့် ဆန်အရည်အသွေး ကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး၊ မျိုးကွဲပယ်ခြင်းလုပ်ငန်းကို ပင်ပွားကာလ၊ ပန်းပွင့်ကာလနှင့် အနှံရင့်မည့်အချိန်ကာလများတွင် နုတ်ပယ်ရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မင်း ထံမှ သိရသည်။

စိုင်းရွှေအောင်(ခရိုင်၊ပြန်/ဆက်)