သာကေတ ဇူလိုင် ၁
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ အသစ်ထပ်မံဖွဲ့စည်းပေးထားသည့် သာကေတမြို့နယ် ဂီတအစည်းအရုံးအလုပ်အမှုဆောင်အဖွဲ့၀င်များအား လုပ်ငန်းတာ၀န်အပ်နှင်းခြင်းနှင့် ဇွန်(၂၇)ရက်နေ့တွင် ကျရောက်ခဲ့သည့်မြန်မာဂီတနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နေလယ် (၁၂) နာရီအချိန်၌ နယူးလိုက်တာခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံဂီတ အစည်းအရုံးမှ ဥက္ကဋ္ဌနှင့် အမှုဆောင်များ ဂီတအနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) မဦးလွင်မြင့်၊ သာကေတမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ တေးသံရှင် ကိုလတ်၊ သာကေတမြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဇော်၀င်းထွန်းတို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်မှ အဖွင့်အမှာ စကားပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ ဂီတအစည်းအရုံးဒုဥက္ကဋ္ဌမှ သ၀ဏ်လွှာကိုဖတ်ကြားပြီး မြန်မာနိုင်ငံ ဂီတအစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဦးစိုးမြင့်အောင်မှ သာကေတမြို့နယ် ဂီတအစည်းအရုံးသို့ တာ၀န်ပေးအပ်ရာ သာကေတမြို့နယ် ဂီတအစည်းအရုံးတေးသံရှင် ဥက္ကဋ္ဌကိုလတ်၊ ဒုဥက္ကဋ္ဌဟန်သိန်း(မြန်မာစာ)၊ အတွင်းရေးမှူးတေးသံရှင် လွှမ်းအောင်၊ တွဲဖက်အတွင်းရေးမှူး စန္ဒယားထွန်းထွန်းတို့က လက်ခံရယူခဲ့သည်။
ဆက်လက်ပြီးမြန်မာဂီတနေ့ကို ဂုဏ်ပြုသောအားဖြင့် တက်ရောက်လာကြသော တေးသံရှင်များ ကတေးသီချင်းများကို သီဆိုဂုဏ်ပြုပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)