မတ္တရာ ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းကောင်စီကတိသစ္စာခံယူပွဲကို ယနေ့နံနက် ၈ နာရီက ကျောင်းအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကွင်းအတွင်း၌ အသင်းအလိုက်နေရာယူခဲ့ကြပြီး အခမ်းအနားကို ကျောင်းကောင်စီသီချင်းသံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ငြိမ်းတင့်မှ ကျောင်းကောင်စီဖွဲ့စည်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ ခံယူသည့်မူဝါဒ၊ ကာလသက်တမ်း၊ အသင်းအမည်များနှင့် ကိုယ်စားပြုအလံအရောင်များ၊ ကတိသစ္စာ(၄)ချက်၊ ကျောင်းကောင်စီ၏ဆောင်ပုဒ်နှင့် အခြေခံမူများ စသည့်အကြောင်းအရာများ ကိုရှင်းပြောကြားခဲ့ပြီး၊ အခမ်းအနားမှူးမှ ကျောင်းကောင်စီ အမှုဆောင်အဖွဲ့ အမည်စာရင်းများကို ဖတ်ကြားကြေညာခဲ့သည်။ ထို့နောက် ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာ ခံယူခြင်းနှင့် တစ်ကျောင်းလုံး သစ္စာခံယူခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးမှ တာဝန်အထိမ်းအမှတ် အလံများပေးအပ်ရာ အသင်းတာဝန်ခံ ဆရာ၊ ဆရာမများမှ လက်ခံရယူခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်သီချင်းကို စုပေါင်းသံပြိုင်သီဆိုခဲ့ကြသည်။
ကျောင်းကောင်စီအသင်း(၅)သင်းကို အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရားအသင်းနှင့် ဗန္ဓုလအသင်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)