တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း Contact Tracing လုပ်ငန်း ဆောင်ရွက်မည်

ရန်ကုန် စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ (Positive) လူနာများနှင့် ထိတွေ့လူနာ များပြားလာသဖြင့် မြို့နယ်အတွင်းရှိ ပြည်သူအားလုံးအား ကျန်းမာရေး စစ်ဆေးခြင်း Contact Tracing လုပ်ငန်းကို စက်တင်ဘာလ ၁၀ ရက်၊ ကြာသပတေးနေ့၊  နံနက် ၈ နာရီခွဲအချိန်မှ စတင်ပြီး စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးလုပ်ငန်း စစ်ဆေးမည့်နေရာများမှာ အမှတ်(၄)ရပ်ကွက်ရှိ သီလလမ်းမနှင့် သီလ(၁၀) လမ်းထောင့်၊ အမှတ်(၅)ရပ်ကွက်ရှိ သရေခေတ္တရာလမ်း(မိဂသီဓမ္မာရုံ)၊ အမှတ်(၇)ရပ်ကွက်ရှိ အ.ထ.က(၁) ရှေ့၊ အမှတ်(၈)ရပ်ကွက်ရှိ စက်မှုဇုံ(၁)လမ်း(အောင်ကမ္ဘာရှေ့)၊ အမှတ်(၉)ရပ်ကွက်ရှိ သူရလမ်း (လူထုဓမ္မာရုံရှေ့)၊ အမှတ်(၁၀)ရပ်ကွက်ရှိ ဇေယျာလမ်း(ဟေမဝန်ဓမ္မာရုံရှေ့)၊ အမှတ်(၁၁) ရပ်ကွက်ရှိ ရာဇသင်္ကြန်လမ်း(ဓမ္မာရုံရှေ့)၊ အမှတ်(၁၂)ရပ်ကွက်ရှိ မာဃလမ်းမ (ဓမ္မာရုံရှေ့)၊ အမှတ်(၁၃) ရပ်ကွက်ရှိ အ.ထ.က(၃)ရှေ့နှင့် အမှတ်(၁၄)ရပ်ကွက်ရှိ သခင်ဖိုးလှကြီးလမ်း(ကျောက်မိုင်းရုံး)တို့တွင် စစ်ဆေးခြင်းများ ဆောင်ရွက်မည်ဖြစ်ပြီး ထိုနေရာများတွင် ကျန်းမာရေးစစ်ဆေးယာဉ်(၁၀)စီးနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်း များမှ တစ်ပြိုင်တည်း စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ကျန်းမာရေးစစ်ဆေးရာနေရာသို့ မိသားစုဝင် ပြည်သူများအားလုံး လာရောက်စစ်ဆေးနိုင်ပြီး ရောဂါနှင့် ပတ်သက်သော မိမိခံစားမှုများကိုလည်း ဆွေးနွေးနိုင်ကြောင်း သိရှိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)