မလှိုင် ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ (၁) နာရီအချိန်က ရေငံကျေးရွာအုပ်စု၊ ရေငံကျေးရွာ၊ ရွာဦးရတနာဗိမ္မာန် ဘုန်းတော်ကြီးကျောင်းတိုက်၌ တောင်သူများလက်ဝယ်သို့ လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ် (ပုံစံ ၇) များပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်က လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ၇) နှင့်ပတ်သက်၍ ယခုလိုလက်မှတ်ပေးအပ်ခြင်းသည် သားစဉ်မြေးဆက် စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်း၊ နိုင်ငံတော်မှ ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် အထောက်အကူပြုနိုင်ခြင်း၊ ဥပဒေနှင့်အညီ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းစသည့် အခွင့်အရေးများကို ခံစားရရှိနိုင်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့အပြင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိဦးလှမိုးထွေးမှ ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေပြဋ္ဌာန်းပြီးနောက် မလှိုင်မြို့နယ် တွင် ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် တောင်သူပေါင်း (၅၈၅၉၈) ဦး၊ ဦးပိုင်ပေါင်း (၁၂၂၄၁၀) ခု၊ ဧရိယာပေါင်း (၁၈၃၄၉၆) ဧက တို့အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ၇) (၁၂၂၄၁၀) ခုတို့အား ရာနှုန်းပြည့်ပေးအပ်ခဲ့ကြောင်း၊ ယခုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာမြေများကို ဥပဒေနှင့်အညီ ထပ်မံ၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြာခဲ့ပါသည်။
ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အတွင်းရေးမှူး ဦးလှမိုးထွေး၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်ဝင်းယုဆွေ၊ ဦးတင်ဝင်းနှင့် ဒေါက်တာ ဦးတင်စိုးနိုင်တို့မှ တောင်သူပေါင်း (၆၉) ဦး၊ ဦးပိုင်ပေါင်း (၉၀) ခု၊ ဧရိယာပေါင်း (၁၇၂.၃၅) ဧကတို့ အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ၇) (၉၀) ခုတို့အား တောင်သူများလက်ဝယ်သို့ ကျေးရွာအရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အောင်ဌေး(မလှိုင်)