သိန္နီ ဇူလိုင် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ သိန္နီမြို့ မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးခြင်းများကို မြို့နယ်ကျန်းမာရေးဌာန၊ ဆရာဝန်ကြီး ဒေါက်တာဇော်မိုးအောင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးများကို ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဘီစီဂျီ၊ အသည်းရောင် အသားဝါ (ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဉီးနှောက်ရောင်၊ ဝက် သက်-ဂျိုက်သိုး စသည့်ဆေးများ ထိုးနှံ /တိုက်ကျွေးပေးခြင်းဖြစ်သည်။ ကလေးများအား ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးရာတွင် မကျန်ရှိစေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက နှိုးဆော်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ပုံမှန်ကာကွယ်ဆေးများအား လစဉ်ပထမအပတ်အတွင်း ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ် မိခင်ကလေး ကျန်းမာရေးဌာနမှ သိရသည်။
စောဥမ္မာ(သိန္နီ)