ရန်ကင်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်

ရန်ကင်း ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မြန်မာနိုင်ငံစာရေးဆရာ အသင်းအဖွဲ့ဝင်  စာရေးဆရာမ မြမဥ္ဇူနှင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်  အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို    ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံစာရေးဆရာ အသင်းအဖွဲ့ဝင် စာရေးဆရာမ မြမဥ္ဇူက မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ၊ မြန်မာအမျိုးသမီးတွေ လိုက်နာဆောင်ရွက်ရမယ့် ကျင့်ဝတ်စည်းကမ်းတွေ၊ ယနေ့ခေတ် မြန်မာအမျိုး သမီးများရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှုတွေ၊ အိမ်ထောင်သည် အမျိုးသမီးများ ရင်ဆိုင်နေရတဲ့ အိမ်တွင်းအကြမ်းဖက်မှုနှင့် အိမ်ထောင်မကျသေးတဲ့ မိန်းမပျိုလေးတွေအပေါ် အကြမ်းဖက်မှုတွေကို   ရှင်းလင်းဆွေးနွေးခဲ့သည်။

သို့ဖြစ်ရာ မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း  မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုတွေ၊ မြန်မာအမျိုးထုရဲ့ ခေတ်အဆက်ဆက် တိုင်းပြည်နဲ့လူမျိုးအတွက် စွန့်လွှတ်စွန့်စားခဲ့တဲ့ပုံရိပ်တွေ၊ နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသားများနဲ့ တန်းတူ ရင်ဘောင်တန်းဆောင်ရွက်မှုတွေ၊ မြန်မာအမျိုးသမီးများရဲ့ ဘဝသာယာလှပမှုတွေ၊ မြန်မာအမျိုးသမီးများရဲ့ ရပိုင်ခွင့်တွေ၊ အကြမ်းဖက်မှုတွေကို ဘယ်လိုတားဆီး ကာကွယ်ရမလဲဆိုတာကို  အသိပညာပေးတဲ့အနေနဲ့ မြန်မာအမျိုးသမီးထု တစ်ရပ်လုံး အတွက်  ရည်ရွယ်၍ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ဦးစီးအရာရှိ ဒေါ်အိရွှေစင်က ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ထို့နောက် ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အသိပညာပေးခြင်းလုပ်ငန်းများကို ကျန်းမာရေး လမ်းညွှန်ချက်များ နဲ့အညီ ပြုလုပ်ဆောင်​ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။

အိရွှေစင် (ပြန်/ဆက်)