လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမဒေါ်နွဲ့နွဲ့ဝင်းမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် မိခင်နှင့် ကလေးတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းသည် ကလေးငယ်များ ကြီးထွားဖွံ့ဖြိုးရောဂါ ကင်းဝေးစေရန် အသက်အပိုင်းအခြားအလိုက် (၅)မျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ဝက်သက်ဂျိုက်ထိုးရောဂါ ကာကွယ်ဆေး၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ဆေး၊ အသည်းရောင် အသားဝါ၊ ဦးနှောက်အမှေးရောင်ရောဂါ ကာကွယ်ဆေး စသည်တို့ကို ထိုးနှံပေးပြီး ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို အလှည့်ကျ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ကာကွယ်ဆေးတိုက်ကျွေးရာတွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်သည့် အနေဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် မွေးကင်းစအသက်(၁)နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို တစ်ရက်လျှင်(၅၀)ဦးသာ အများဆုံး ဆေးထိုးဆေးတိုက်ပေး ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)