ရခိုင်ပြည်နယ် မောင်တောမြို့၌ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို ကျား၊ မရေးရာ (Gender)နှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ  အသိပညာပေး ဟောပြော

မောင်တော ဇူလိုင် ၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်(၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ် အကြို ကျား၊ မ ရေးရာ (Gender)နှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ  အသိပညာပေး ဟောပြောခြင်းကို ယနေ့ နေ့လည် ၁၂  နာရီအချိန် အဆိုပါ သင်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ အမျိုးသမီး အိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကြည်မှ အမှာစကားပြောကြားပြီး မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်က အကြမ်းဖက်မှု  ကိစ္စရပ်များ၊  လက်ရှိမြန်မာနိုင်ငံအတွင်း  အမျိုးသမီးများအား အကြမ်းဖက်မှု  ဖြစ်ပွားခဲ့မှု အ‌ခြေအနေများနှင့် ကျားမ အခြေပြု အကြမ်းဖက်မှု ဖြစ်ပွားအောင် ထောက်ပံ့ပေးသည့် အကြောင်းအရာများ၊ အကြမ်းဖက်မှု တုန့်ပြန် ဆောင်ရွက်မှုအတွက် အခြေခံလမ်းညွန်းများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် နေရာမရွေး၊ အချိန်မရွေး ဖြစ်ပွား နိုင်ပါကြောင်း၊ အကြမ်းဖက်မှု အမျိုးမျိုး၊ ကျားမအခြေပြု အကြမ်းဖက်မှုဆိုသည်မှာ လူမှုရေးအရ ခွဲခြား သတ်မှတ်သည့် ကျား၊ မ ရေးရာ စံနှုန်းများအပေါ် အခြေခံ၍ တစ်ဦး တစ်ယောက်၏ စိတ်ဆန္ဒကို ဆန့်ကျင်လျက် ထိခိုက်နှစ်နာစေရန် ကျူးလွန်မှုများသည် ထိခိုက်နစ်နာမှု(သို့မဟုတ်) ဝေဒနာခံစားမှု များကို ဖြစ်ပေါ်စေသည့် အပြုအမှုများ ၊ ထိုအပြုအမူများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်းနှင့် လွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်သည့် အခြားအပြုအမှုများ ပါဝင်ကြောင်း၊ အကြမ်းဖက်မှု အကျိုးအဆက်များ၊ ပြစ်မှု ကျူးလွန်သူများအား ပြစ်မှုနှင့် ပုဒ်မ(ကျင့်ထုံး)၊ ပြစ် ဒဏ်များ ၊ အကြမ်းဖက်မှု ဖြစ်ပွားပါက တိုင်ကြား ဆက်သွယ်ရမည် နေရာများ ၊  အခြေအနေများနှင့် ပတ်သတ်၍ ပရိုဂျက်တာဖြင့် ရှင်းလင်း ပြသ ပြောကြားခဲ့ပြီး  အသိပညာပေး ဟောပြောပွဲသို့  အမျိုးသမီး အိမ်တွင်းမှု သက်မွေးပညာ သင်တန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာကြည် နှင့်ဝန်ထမ်းများ ၊ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၃/၂၀၂၂) မှ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများက အသိပညာပေး လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)