ထန်းတပင်(ရန်ကုန်) ဇူလိုင် ၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖြစ်သည့် အခြေခံစက်ချုပ်သင်တန်းကို ကျူတောကျေးရွာအုပ်စု၊ သံတဇာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဇူလိုင်လ (၁) ရက်နေ့၊ နံနက်ပိုင်းက ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်ဆောင်ရွက် ခဲ့ကြခြင်းဖြစ်သလို သင်တန်းဖွင့်ပွဲတွင်လည်း ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဘသိန်းနှင့် မြို့နယ်ဦးစီးမှူးတို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြ ကြောင်းလည်း သိရသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသူ (၂၀) ဦးတို့ တက်ရောက်လျက်ရှိကြပြီး သင်တန်းကို ဇူလိုင်လ (၁) ရက်နေ့မှ စတင်၍ ဇူလိုင်လ (၃၀) ရက်နေ့အထိ တစ်လကြာ သင်တန်းသူများအား အခြေခံစက်ချုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)