ရန်ကုန် ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ် (၅/၂၀၂၂) အဆင့်မြင့်ရုံးသုံးကွန်ပျူတာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၂)နှင့် လက်တွေ့အသုံးချကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄/၂၀၂၂) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများဖြစ်ကြသော လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ e-Government ကော်မတီဝင်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးဟာ နိုင်ငံရဲ့စီးပွားရေးအချက်အခြာ တိုင်းဒေသကြီးဖြစ်ပြီး Digital ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးနဲ့ Digital ယဉ်ကျေးမှုအထွန်းကားဆုံး တိုင်းဒေသကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ နည်းပညာအသုံးပြုပြီး အုပ်ချုပ်ရေးနဲ့ဆောင်ရွက်တဲ့နေရာမှာ ဝန်ထမ်းတိုင်းဝန်ဆောင်မှုများ၊ ပြည်သူ့ရေးရာဒီဂျစ်တယ်နည်းပညာ၊ ကွန်ပျူတာ၊ အင်တာနက်အသုံးချမှုနှင့် လုံခြုံရေးအခြေခံသဘောတရားများ နားလည်တတ်ကျွမ်းပြီး ရုံးလုပ်ငန်း လုပ်ထုံးလုပ်နည်းများမှာ ခေတ်မီအိုင်တီနည်းပညာကို အသုံးချနိုင်စေရန် လိုအပ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း e-Government လုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် ဆောင်ရွက်တဲ့နေရာမှာ နည်းပညာကျွမ်းကျင်မှုရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်က အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ အဲဒီလိုအပ်ချက်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က e-Government Training Center ဖွင့်လှစ်ပြီး အခြေခံမှ အဆင့်မြင့်အထိ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ၊ ပညာရှင်များ၏ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတန်းဖတ်ပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပြီး တိုင်းဒေသကြီးအတွင်းရှိ အစိုးရဝန်ထမ်းများ၏ နည်းပညာကျွမ်းကျင်မှုအရည်အသွေးကို မြှင့်တင်ပေးသွားမှာပဲ ဖြစ်ပါကြောင်း၊ ယနေ့ဌာနဆိုင်ရာ အသီးသီးမှ သင်တန်းတက်ရောက်လာတဲ့ သင်တန်းသားဝန်ထမ်းများအနေနဲ့ အခုလိုသင်တန်း တက်ရောက်လာခြင်းအပေါ် တာဝန်တစ်ရပ်ကဲ့သို့ လေးလေးနက်နက်ထားပြီး ဆောင်ရွက်စေလိုပါကြောင်း။ "Knowledge is not power application of the knowledge is power" စကားအတိုင်း "အသိပညာဗဟုသုတသည် စွမ်းအားမဟုတ် အသိပညာဗဟုသုတကို အသုံးချခြင်းသည်သာ စွမ်းအားဖြစ်သည်" ဆိုတဲ့ စကားအတိုင်း ဒီသင်တန်းကနေ မိမိတို့သိရှိတတ်ကျွမ်းထားတဲ့ အသိပညာဗဟုသုတများကို သင်တန်းပြီးဆုံးသွားချိန် သက်ဆိုင်ရာဌာနအသီးသီးမှာ ပြန်လည်အသုံးချမှသာ သင်တန်းသားတစ်ဦးချင်းစီ၏ အရည်အသွေးနှင့် ဌာန၏စွမ်းဆောင်ရည်တိုးတက်လာနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ က သင်တန်းနည်းပြ ဆရာ/ဆရာမများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းတွင်ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်း၊ သင်တန်းသူ၊ သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)