ရေးမြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဖွင့်ပွဲ အခမ်းအနားကျင်းပ

ရေး ဇူလိုင် ၁

မွန်ပြည်နယ် ရေးမြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လရိတမနှင့် ရေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းတို့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များနှင့် ပတ်ဖြန်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက အဖွင့်အမှာစကားပြောကြားရာ မြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့တိုးမြှင့် သွားသည့်အတွက် ဌာနဆိုင်ရာများအားလုံး ယခင်ကထက် ပိုမိုကြိုးစားဆောင်ရွက်ကြရန် ယခုလောလောဆယ်တွင် ဌာနကြီး(၁၃)ခုကိုသာ ခရိုင်အဆင့်ထားရှိ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် လုံခြုံရေးကို အဓိကထားဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လရိတမမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းမင်းက နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကိုတင်ပြခဲ့ရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြန်လည်ပေါင်းစပ်ဆွေးနွေးပြောကြားခဲ့သည်။

ရေး (ပြန်/ဆက်)