ညောင်ဦး ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် နွေစပါးစိုက်ပျိုးရန် (၄၀၅) ဧကလျာထား စိုက်ပျိုးဆောင်ရွက်ခဲ့ရာ မိုးစပါးစိုက်ပျိုးရာသီတွင် ဧရာမင်း၊ ဆင်းသုခ၊ မနောသုခမျိုးများသာ စိုက်ပျိုးခဲ့ပြီး မျိုးကောင်းမျိုးသန့်သုံးစွဲခြင်း၊ သုံးနှစ်တစ်ကြိမ်သွေးသစ်လောင်းမျိုး ပြောင်းခြင်းတို့ကို စိုက်ပျိုးရေးဦးစီးဌာနအစီအစဉ်ဖြင့် မျိုးသန့်ရာခိုင်နှုန်း တိုးမြှင့်စိုက်ပျိုးဆောင်ရွက်ခဲ့သည်။
မိုးစပါး၊နွေစပါး စိုက်ပျိုးထွက်ရှိမှုကို ဒေသဝမ်းစာဖူလုံရေးအတွက် အဓိကထားစိုက်ပျိုး ကြသဖြင့် စားသုံးမှုကောင်း၊ အထွက်တိုးမျိုးများ စိုက်ပျိုးခြင်းနှင့် တစ်ဧကဝင်ငွေအချိုး မြင့်မားသော သီးနှံပုံစံ မိုးစပါး-ကုလားပဲ -ပဲတီစိမ်း၊ မိုးစပါး-ကုလားပဲ၊ နွေစပါး၊ သီးနှံပုံစံများကို အဓိကထားစိုက်ပျိုးခဲ့ကြောင်း သိရသည်။
နွေစပါးစိုက်ပျိုးရာသီတွင် ငါ့သရောက်မြစ်ရေတင်၊ လက်ပံခြေပေါ်မြစ်ရေတင်၊ သူကောင်းတည် မြစ်ရေတင်တို့တွင်သာ လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် ရေရယူ၍ စိုက်ပျိုး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ် နွေစပါးစိုက်ဧကများမှ မြစ်ရေတင်သုံးခုလုံးတွင် မြောင်းဖျားသောက်ဧကတစ်ချို့တွင် ပုံမှန်ဧရာဝတီမြစ်ရေတက်ချိန် ဇူလိုင် ၂၅ ရက်ခန့်တွင် လွန်ခဲ့သောနှစ်များစွာက စပါးခင်းများရေနစ်မြှုပ်၍ လှေဖြင့်ရိတ်သိမ်းရခြင်းများ၊ နစ်မြုပ်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။ ၂၀၁၄-၂၀၁၅ ခုနှစ် နောက်ပိုင်း ကာလများတွင် ဇူလိုင် ၂၅ ရက်ခန့် ရေတက်ချိန် ရိတ်သိမ်းပြီးဖြစ်စေရန် အဆိုပါ နွေစပါး စိုက်ဧကများအတွက် သက်တမ်းတို အထွက်ကောင်းပြီး စားသုံးမှုကောင်းသည့် ရေဆင်းလုံး သွယ်၊ ထိုင်းနှံကောက် မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးရေးဦးစီးဌာနအစီအစဉ်ဖြင့် စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။ နှစ်စဉ်ဧရာဝတီမြစ်ရေတိုးချိန်တိုင်း အောင်မြင်စွာရိတ်သိမ်းနိုင်ခဲ့ကြောင်းလည်း သိရသည်။
သုံးသီးသီးနှံပုံစံဝင် စိုက်ပျိုးနိုင်သော ငါ့သရောက်မြစ်ရေတင်၌ ရေပေးဝေမှုစနစ်၊ မြစ်ကြောင်းပြောင်းလဲခြင်း၊ လျှပ်စစ်မီးရရှိချိန်လျော့နည်းလာခြင်း၊ မြောင်ပြင်ခြင်းတို့ကြောင့် နွေစပါးပျိုး ထောင်ရေပေးဝေမှု ပုံမှန်နှစ်များထက် ရက်အနည်းငယ်နောက်ကျခဲ့ရာ ယခုနှစ်နွေစပါးစိုက်ပျိုးမှု ဧကလျော့နည်းခြင်း၊ စိုက်ပျိုးချိန်နောက်ကျခဲ့ကြောင်းလည်း သိရသည်။ ယခုနှစ်ဧရာဝတီမြစ်ရေ မြင့်တက်မှုအခြေအနေမှာ ထူးခြားဖြစ်စဉ်အဖြစ် ဇွန် ၁၉ ရက်မှ စတင်၍ တရိပ်ရိပ် မြင့်တက်လာခဲ့ရာ ပျိုးထောင်ရေ ပုံမှန်ရရှိခဲ့သည့် လက်ပံခြေပေါ်မြစ်ရေတင်၏ ရေဝင်ကွင်း (မြောင်းဖျား) ရှိ နွေစပါးခင်းများ၊ ဇွန် ၂၅ ရက်နှင့် ဇွန် ၂၆ရက်နေ့တို့တွင် ရိတ်ခြွေစက်များစီမံ၍ မြစ်ရေစတင်ဝင်ရောက်လာချိန် အောင်မြင်စွာရိတ်သိမ်းနိုင်ခဲ့သည်။
ငါ့သရောက်မြစ်ရေတင်၏ ရေဝင်ကွင်း (မြောင်းဖျား) နွေစပါး (၁၀) ဧကခန့်သည် အသက်ရက် (၉၀) ခန့် နို့ရည်တည်ပြီး အနှံမရင့်မှည့်ချိန်တွင် စတင်ရေဝင်ရောက်မှု ထူးခြားဖြစ်စဉ် ဖြစ်ပေါ်ခဲ့သည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း၊ စဉ်ဆက်မပြတ် (၇) ရက်ခန့် ရေတက်ခဲ့ပါက အထွက်နှုန်း ထိခိုက် ပျက်စီးနိုင်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းကွင်းဆင်းလျက် နေ့စဉ်အခြေအနေအား စောင့်ကြည့်နေကြောင်း သိရသည်။
ကိုကြေးမုံ