ကျောက်ဆည်၊ စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြင်ပသို့ထွက်ခွာ သွားလာခြင်းမပြုကြရန် ညွှန်ကြားချက်အား ပြည်သူများလိုက်နာဆောင်ရွက်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ယမန်နေ့ည ၁၂နာရီမှ နောက်တစ်နေ့ နံနက်(၂)နာရီအထိ ကျောက်ဆည်မြို့ဆင်နှစ်ကောင်အနီး ရန်ကုန်-မန္တလေးကားလမ်းပေါ်၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညမထွက်ရ အမိန့်ဖောက်ဖျက်ကျူးလွန်သူ(၁၄)ဦးအား ဥပဒေနှင့်အညီ အရေးယူမှု များဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ အရေးယူမှုများဆောင်ရွက်ရာတွင် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်မြင့်သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းလွင်၊ စခန်းမှူး ဒုရဲမှူးမျိုးဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းနှင့် ဝန်ထမ်းများ မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် စစ်ဆေးရေးဆောင်ရွက်ခဲ့စဉ် ကျောက်ဆည်မြို့နယ် သားငယ်တော် ကျေးရွာမှ (၁)ဦး၊ ဟန်မြင့်မိုရ် ကျေးရွာမှ(၄)ဦး ၊ စဉ့်ကိုင်မြို့နယ် ညောင်ပင်ကြီးကျေးရွာမှ(၄)ဦး၊ ဘူတာ ရပ်ကွက်မှ (၁)ဦး၊ ချောက်မြို့နယ် ကုန်းဆားလယ် ကျေးရွာမှ(၂)ဦး၊ဝမ်းတွင်းမြို့နယ် သဲတောမြို့မှ(၃)ဦးစုစုပေါင်း (၁၅)ဦးသည် ညမထွက်ရ အမိန့် ဖောက်ဖျက်ကျူးလွန်သောကြောင့် (၁၄)ဦးအား ဥပဒေနှင့်အညီ အရေးယူမှုများ ပြုလုပ် ခဲ့ခြင်းဖြစ် ကြောင်းနှင့် ချောက်မြို့နယ် ကုန်းဆားလယ်ကျေးရွာမှ ကျေးရွာသား (၁)ဦးသည် အသက်(၁၇)နှစ်သာ ရှိသောကြောင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးနေရပ်သို့ ပြန်လည်စေလွတ်ခဲ့ကြောင်း မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မျိုးဝင်း ကပြောပြ၍ သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)