ဆိပ်ကြီးခနောင်တို ဇူလိုင် ၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်တိုက် ထိုးနှံပေးလျက်ရှိရာ “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် ၅ နှစ်မှ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ အထက-ခွဲ(လ-၂)ကျောင်းတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုက်လံထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်းမှ ကြီးကြပ်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိပြီး၊ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအဖွဲ့ဝင်များက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အခြေခံပညာကျောင်း ၁၇ ကျောင်းရှိရာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၅ နှစ်မှ ၁၂ အရွယ် ကျောင်းသား၊ ကျောင်းသူ ၃၁၈၀ ဦးရှိသည့်အနက် ၃၃၅ ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူမျာကိုလည်း သက်ဆိုင်ရာ ကျောင်းများအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ(IPRD)