မိတ္ထီလာ ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ စီးပွားရေးတက္ကသိုလ်(မိတ္ထီလာ)နှင့် မိတ္ထီလာတက္ကသိုလ်တို့၌ ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းများ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးနေဦးထံက သိရသည်။
စီးပွားရေးတက္ကသိုလ်(မိတ္ထီလာ)နဲ့ မိတ္ထီလာတက္ကသိုလ်တို့မှာ တက်ရောက်ပညာသင်ယူနေတဲ့ ကျောင်းသား၊ကျောင်းသူများကို ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေ ခံသင်တန်းများဖွင့်လှစ်ပို့ချသွားမှာဖြစ်ပါတယ်။ ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းတွေမှာ မြန်မာနိုင်ငံကြက်ခြေနီ အသင်းကပြဋ္ဌာန်းပေးထားတဲ့ သင်ရိုးညွှန်တမ်းပါ ရှေးဦးပြုစုခြင်း အခြေခံပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချပေး သွားမှာဖြစ်ပါတယ်။ လူနာကိုရှေးဦးပြုစုခြင်း၊ လူနာအဆင့် ခွဲခြားသတ်မှတ်ခြင်း၊ ထမ်းစင်ဖြင့် လူနာသယ်ဆောင်နည်း၊ ဒဏ်ရာအမျိုးမျိုးကို ပတ်တီးစည်းနည်း စတဲ့ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံပညာရပ်များကို သင်တန်းမှာ သင်ကြားပေးမှာ ဖြစ်ပါတယ်ဟု ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးက ပြောသည်။
စီးပွားရေးတက္ကသိုလ် (မိတ္ထီလာ)တွင် သင်တန်းသားသင်တန်းသူ ၂ဝဝ ဦးအား ဇူလိုင်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိလည်းကောင်း၊ မိတ္ထီလာတက္ကသိုလ်တွင် သင်တန်းသားသင်တန်းသူ ၁ဝဝ ဦးအား ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိလည်းကောင်း နေ့စဉ် နံနက် ၈ နာရီအချိန်မှ ညနေ ၄ နာရီအချိန်အထိ အဆိုပါ ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းများကို ဖွင့်လှစ်ပို့ချသွား မည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ