ကျောက်ဆည် စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် ဆည်ရေသောက် စနစ်ကို အဓိကအလေးထားပြီး ဆောင်ရွက်လျက်ရှိပြီး တောင်သူများ စိုက်ပျိုးရေးသုံးစွဲရာတွင် ရေအလေအလွင့်မရှိစေရေးနှင့် ရေသုံးစွဲမှု မျှတမှုရှိစေရန်အတွက် ကျောက်ဆည်ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေမြောင်းများ အလိုက် ရေအသုံးချသူများအဖွဲ့၊ ဖွဲ့စည်းပေးပြီး လုပ်ငန်းတာဝန်များ ခွဲဝေချထားပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ဇီးတော မြောင်း၊ ဆည်တိုစခန်းတွင် ဇော်ဂျီရေသောက်စနစ် ဇီးတော မြောင်းဆိုင်ရာ ရေအသုံးချသူများအဖွဲ့ (WUG) ဖွဲ့စည်း တာဝန်ပေး မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရေအသုံးချသူများအဖွဲ့၊ ဖွဲ့စည်းတာဝန်များပေးအပ်ရာတွင် မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးဇော်ဝမ်းက ဇော်ဂျီရေသောက်စနစ်မှ ရေပေးဝေလျှက်ရှိသော ကျောက်ဆည်မြို့နယ် နှင့် စဉ့်ကိုင်မြို့နယ်များမှ မိုးစပါးစိုက်တောင်သူများအတွက် ရေပေးဝေနေသည့် ဇော်ဂျီမြစ်ပေါ်ရှိ ဇော်ဂျီတမံနှင့် မြို့ကြီးတမံတို့တွင် မိုးရေဝင်ရောက်မှုနည်းပါးပြီး ဆည်တမံများ အတွင်းတွင်လည်း ရေသိုလှောင်မှုပမာဏ နည်းပါးမှုများဖြစ်ကာ စိုက်ပျိုးရေးများကို ပေးဝေရာတွင် အခက်အခဲနှင့်ကြုံတွေ့နိုင်သောကြောင့် စိုက်ပျိုးရေများ သုံးစွဲရာတွင် အလေအလွင့်မရှိစေဘဲ အကျိုးရှိစွာ အသုံးချနိုင် ရေးအတွက် မြောင်းခွဲလက်တံ ရေသောက်တောင်သူများ ပါဝင်သည့်ရေအသုံးချသူသူများအဖွဲ့၊ ဖွဲ့စည်းပေးရခြင်းဖြစ် ကြောင်း ရှင်းလင်းဆွေးနွေးပြီး ရေအသုံးချသူများအဖွဲ့ ခေါင်းဆောင်များရွေးချယ်ကာ လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရှိရသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ့ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝမ်းနှင့် တာဝန်ရှိသူများသည် တောင်သူ(၉၆)ဦး၊ မိုးစပါးစိုက်ဧက(၂၉၄)ဧက စိုက်ပျိုးရေအသုံးပြုနေသည့် အရှည် (၈၃၀၀)ပေ၊ အကျယ် (၃)ပေ၊ အနက် (၂)ပေ ရှိသည့် စိုက်ပျိုးရေယူမြောင်းတူးဖော်နေမှုအား ကြည့်ရှုခဲ့ပြီး လုပ်ငန်းများ အောင်မြင်စေရေး တစ်ဦးနှင့်တစ်ဦး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြစေရေး ဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်းသိရှိရသည်။
သက်မောင်(ကျောက်ဆည်)