နမ္မတူ ဇူလိုင် ၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှုဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန်က နမ္မတူမြို့နယ် အမှတ်(၈) အခြေခံပညာမူလတန်းလွန် ကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရှေ့ဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ရွှေမာက အားကစားဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးလူမော်က ကျောင်းသားကျောင်းသူ လူငယ် လူရွယ်လေးများအား လူ့လောကမှာ စာတတ်ဖို့သာမက ပညာတတ်ဖို့အရေးကြီးကြောင်း၊ ငယ်ရွယ်စဉ် ကတည်းက ဘဝမှာဖြစ်သလိုမနေကြဘဲ အသိပညာဗဟုသုတတိုးပွားအောင်လေ့လာပြီး ပညာတတ်ဖို့ပါ ကြိုးစား ကြရန်လိုကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ရွှေမာက အားကစားပစ္စည်းများအား အမှတ်(၈)အခြေခံ ပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းလတ်ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)