ပူတာအို ဇူလိုင် ၁
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာ၀န်ကြီး ဦးမျိုးဆွေသည် ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့၀င်များ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်အတူ ဇွန်(၃၀)ရက်တွင် ပူတာအိုမြို့နယ်အတွင်း ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးပြီး ဌာနဆိုင်ရာ၀န်ထမ်းများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်နယ်၀န်ကြီးနှင့်တာ၀န်ရှိသူများသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၁၄၉၈.၀၀၀)သန်းဖြင့် ပူတာအိုခရိုင် စုပေါင်းရုံးလေးထပ် RC အဆောက်အအုံ ဆောက်လုပ်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းပိုင်းများ သတ်မှတ်ချက်များနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ရေးမှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို) ကျောင်းခန်းမ၌ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သန့်၊ တာ၀န်ရှိသူများ၏ အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင် ဘဏ္ဍာနှစ်အလိုက် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆိုင်ရာအချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းဝင်းအတွင်း အလျား(၂၁၁)ပေ၊ အနံ(၇၀)ရှိ သံကူကွန်ကရစ်နှစ်ထပ် ကျောင်းသားအဆောင်နှင့်အလျား(၁၉၂)ပေ၊ အနံ(၃၈)ပေ နှစ်ထပ်စာသင်ဆောင် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာရှိ တိလောကာရာမကျောင်းတိုက် ဆရာတော်အားဖူးမြှော်ကြည်ညိုကာ ၀တ္တုအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထိုမှတဆင့် မချမ်းဘော့မြို့နယ်အတွင်းရှိ သမိုင်း၀င်ကောင်းမှုလုံစေတီတော်သို့ သွားရောက်ပြီး စေတီ တော်ဂေါပကများထံ ၀တ္တုအလှူငွေများကိုဆက်ကပ်လှူဒါန်းကာ ကောင်းမှုလုံစေတီတော်ခြံ၀င်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မဟာရံအုတ်တံတိုင်း(၁၇)ခန်း နံရံပြိုကျပျက်စီးမှုအား ပြန်လည်ပြုပြင်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်၀န်ကြီးနှင့်တာ၀န်ရှိသူများသည် မချမ်းဘော့မြို့၊ ဂူဘားရိပ် သာဧည့်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ ပြည်နယ်ဘဏ္ဍာ၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်နယ်၀န်ကြီးက ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုက်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေးတာဝန်ရှိသူများအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ပြည်နယ်၀န်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ပူတာအို - လယ်မယ်ဝါချီ - နမ်ရှယ်ကော့ - မန်စေ - မန်စေခွန်လမ်း (ပူတာအိုလွင်ပြင်ပတ် လမ်း) ပေါ်ရှိ အရှည်(၂၄၀)ပေ နမ့်ပလန့်ချောင်းကူးသံကူကွန်ကရစ်တံတား တည်ဆောက်မည့်နေရာသို့ သွားရောက်ပြီး တံတားတည်ဆောက်ရေး လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ပူတာအိုလွင်ပြင်ပတ်လမ်းသည် လမ်းအရှည်(၂၅)မိုင်ရှိပြီး ယင်းလမ်းနှင့်တံတားများ ဆောင်ရွက်ပြီးစီးပါက မြို့နယ်အတွင်းရှိ ကျေးရွာ(၂၈)ရွာ၊ အိမ်ခြေ(၂၀၅၆)၊ လူဦးရေ(၁၀၉၄၀)ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသထွက်ကုန်များတင်ပို့ရာတွင် များစွာအကျိုးပြုမည့်အပြင် ဒေသတွင်းခရီးသွားလုပ်ငန်းအတွက် များစွာအထောက်အကူပြုလာမည် ဖြစ်သည်။
ထိုမှတဆင့်ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့ ဟိုခိုရပ်ကွက်ရှိ ဇေယျသိဒ္ဓိကျောင်းတိုက် ဆရာတော် အားဖူးမြှော်ကြည်ညိုကာ ၀တ္တုအလှူငွေများဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့ ထွေအုပ်ရိပ်သာ ဧည့်ခန်းမတွင် စီးပွားရေးရာ၀န်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းလုပ်ငန်းများ ရေးဆွဲရာတွင်လည်းကောင်း၊ ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများကိုလည်းကောင်း၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရေးမှာကြားကာ ၀န်ထမ်းများ၏ ဌာနလုပ်ငန်းဆောင် ရွက်ရာတွင်တွေ့ကြုံရသည့် အခက်အခဲများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်