မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့နယ် နိုင်လှုံကျေးရွာတွင် စက်ရုံစုမြေနေရာ ဖော်ဆောင်မည့်နေရာသို့ ကြည့်ရှုစစ်ဆေး

မုဒုံ ဇူလိုင် ၁                         

မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်းနှင့် အဖွဲ့ဝင်များသည်  မွန်ပြည်နယ် မုဒုံမြို့ နိုင်လှုံကျေးရွာတွင် စက်ရုံစုမြေနေရာအဖြစ် ဖော်ဆောင်မည့်နေရာသို့  ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက မြေနေရာရှင်းလင်းပြီးစီးမှု၊ တံတားတည်ဆောက်ပြီးစီးမှုနှင့် ရေရရှိရေးဆောင်ရွက်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် စက်ရုံစုမြေနေရာသို့ ကျူးကျော်ဝင်ရောက်လုပ်ကိုင်မှုမရှိရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ရင်းနှီးမြှုပ်နှံမည့်သူများ ဖိတ်ခေါ်၍  စည်းကမ်းချက်များနှင့်အညီ  EOI  တင်ဒါ ခေါ်ယူ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရော်ဘာမှိုင်းခံစက်ရုံများကို ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စက်ရုံစုသို့ ရွှေ့ပြောင်းနိုင်ရေး လျာထားဆောင်ရွက်ရန်၊ သီးနှံအခြောက်ခံစက်ရုံ၊ စည်သွတ်စက်ရုံနှင့် အဆင့်မြင့်ခရမ့်ရော်ဘာ စက်ရုံများအတွက် ထည့်သွင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုဒုံမြို့နယ်၊ နှိုင်လှုံကျေးရွာတွင် အိမ်တွင်းမိသားစုတစ်နိုင်တစ်ပိုင် ရက်ကန်းလုပ်ငန်းနှင့် သဘာဝချည် ဆေးဆိုးလုပ်ငန်း လုပ်ကိုင်မှုကိုလည်းကောင်း၊ Asia Development Bank အကူအညီဖြင့် ဆောင်ရွက်သည့် ရက်ကန်းနှင့်ချည်ဆေးဆိုးအလုပ်ရုံ၊ Market Palace နေရာတွင် လုပ်ငန်းများလုပ်ကိုင်မှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များပံ့ပိုး ဆောင်ရွက်ပေးခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ ဆင်ဖြူပရိယတ္တိစာသင် တိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များလျှောက်ထားသည်။  ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဆင်ဖြူပရိယတ္တိစာသင်တိုက်ရှိ ရဟန်းသံဃာ (၉၈၁)ပါး စာသင်စာအံရာတွင်  မီးအလင်းရောင် အခက်အခဲမရှိစေရေးအတွက် ဆိုလာအစုံ (၂၃)စုံကို ဆက်ကပ်လှူ ဒါန်းခဲ့ကြောင်း သိရှိရသည်၊၊

အောင်မျိုးသူ(ပြန်/ဆက်)