သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask များ စနစ်တကျ တပ်ဆင်ရေး Mask Campaign လှုပ်ရှားမှုပြုလုပ်

သန်လျင် စက်တင်ဘာ ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ ပါးစပ်၊ နှာခေါင်းစည်း Mask များစနစ်တကျ တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၉ နာရီက သန်လျင်မြို့နယ်အတွင်း လူစည်းကာရာနေရာများ၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးအသိပေးခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးရာသို့ သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းနှင့် တာဝန်ရှိသူများ၊ သန်လျင်မြို့နယ် စည်ပင် သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဈေးတာဝန်ခံများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေး အသင်း အဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက သန်လျင်မြို့လူစည်ကားရာနေရာများဖြစ်သော ဘုရားကုန်းဈေး၊ ထားမလုံဈေးနှင့် သန်လျင်-ကျောက်တန်း- သုံးခွ-ခရမ်းမြို့နယ်သွား ဘုရားကုန်း လမ်းဆုံတို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မဖြစ်မနေ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ရန် အသိပညာပေးခြင်းနှင့် Mask မတပ်ဆင်သူများအား ကူးစက်ရောဂါ တားဆီးနှိမ်နင်း ရေး ဥပဒေအရ အရေးယူနိုင်ကြောင်း ရှင်းလင်းအသိပေးကာ ပါးစပ်နှာခေါင်းစည်း Mask များအား အခမဲ့ ဖြန့်ဝေပေးကြောင်း သိရသည်။

သန်လျင်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများရှိနေကြောင်း သိရှိရသဖြင့် ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများ မိမိနေအိမ်များ၌သာ နေထိုင်ကြရန်နှင့် မလိုအပ်ဘဲ နေအိမ်ပြင်ပ မထွက်ကြရန်၊ မဖြစ်မနေထွက်ရပါက တစ်ဦးထက်မပိုဘဲ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်သွားရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်နှင့် ရောဂါကူးစက်မှု မရှိစေရေး မည့်သည့်အရာကိုမဆို ကိုင်တွယ်ပြီးပါက လက်များအား အနည်းဆုံး စက္ကန့် ၂၀ ကြာ ဆပ်ပြာနှင့်ရေဖြင့် ဆေးကြောကြရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အသိပေးနှိုးဆော်ထားရှိကြောင်းနှင့် သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ကာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြု ကော်မတီ များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်း အဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူများနှင့် ပြည်သူများက ဝိုင်းဝန်း ပူးပေါင်းကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)