အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာမှု၊ သုတပဒေသာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန် ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှ ဗဟုသုတ များစွာရရှိစေရန်၊ စာပေကို ပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှု မြန်မာမှုသုတပဒေသာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း နာယက ရန်နောင်(ပညာရေး)၊ ဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏီ-တောင်တွင်းကြီး)၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့် (မောင်မောင်ဝင်းမြင့်-မူခင်း)တို့က အမှာစကားအသီးသီးပြောကြားပြီး အတွင်းရေးမှူး ဦးသန်းထိုက်ရ (ရွှေမော်သန်းထိုက်)က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

ဒေါက်တာ နှင်းအေးခိုင်ဆွေ(သမိုင်း)ရေးသားသည့် မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာမှု၊ သုတပဒေသာ စာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို စာရေးဆရာ စိန်ညိုမင်း(ထန်းတပင်)၊ စာရေးဆရာမ ခင်နွဲ့မူ(အင်းစိန်)၊ စာရေးဆရာမ ရွှေဘုတ်(အင်းစိန်)နှင့် စာရေးဆရာ မော်ကျွန်းရဲခိုင်တို့က အသီးသီးဆွေးနွေးခဲ့ကြပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း ဒုတိယဥက္ကဋ္ဌ ဆရာ လှမိုးနိုင်၊ အဖွဲ့ဝင်ဆရာ သက်လှိုင်မျိုး(စက်မှုတက္ကသိုလ်)၊ စာရေးဆရာ အောင်မြင့်သောင်း(ဘူမိဗေဒ)နှင့် စာရေးဆရာ မောင်နွယ်မြင့် (စာပေဗိမာန်) တို့က အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြရာ နာယက ဦးသက်တင် (မောင်သာတင့်)က နိဂုံးချုပ် စကားပြောကြားခဲ့သည်။ စာဖတ်ဝိုင်းသို့ စာပေဥယျာဉ်အသင်းမှ တာဝန်ရှိသူများ၊ အင်းစိန်မြို့နယ် အတွင်းရှိ စာရေးဆရာများ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)