မုဒုံမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မုဒုံ ဇူလိုင် ၁

ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုအဖြစ် မွန်ပြည်နယ် မုဒုံမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူး၍ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ကျုံဖိုက်ကျေးရွာရှိ မြန်မာ့ဆက်သွယ်ရေးရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းတို့ဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဒေသရာသီဥတု မျှတကောင်းမွန်စေရန်အတွက် မန်ဂျန်ရှားအပင်( ၁၀၀)၊ ကျွန်းအပင် (၅၀)၊ ပျဥ်းမအပင် (၅၀) စုစုပေါင်း ပျိုးပင် (၂၀၀) ကို မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုခိုင်နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများတို့က စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၃၅၀၀၀)ကို ပျိုးထောင်ထားရှိပြီး လိုအပ်သည့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇောအောင်ထံမှ သိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)