တံတားဦး ဇူလိုင် ၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်(Community Centre)ခန်းမ၌ ကျေးရွာစာကြည့်တိုက်များအတွက်စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
စာအုပ်လှူဒါန်းပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျေးလက်နေပြည်သူများအသိပညာတိုးပွားရေးအတွက် လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် ပြည်သူများအနေဖြင့် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာရာတွင် ရိုသေစွာကိုင်တွယ် ဖတ်ရှုလေ့လာရန် လိုကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစာကြည့်တိုက်မှူးများက မိမိတို့ကျေးရွာတွင် စာငှားစာဖတ်တိုးပွားရေးကို စနစ်တကျဆောင်ရွက်ပေးစေလိုကြောင်းအကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားပြီး ကျေးရွာစာကြည့်တိုက်များအတွက် အလှူရှင်ကိုယ်စား မြို့နယ်ဦးစီးအရာရှိက သုတ/ရသစာအုပ်များကိုပေးအပ်လှူဒါန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်မှူးများက အသီးသီးလက်ခံရယူကြသည်။
တံတားဦးမြို့နယ်အနေဖြင့် ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၁)အုပ်စု စုစုပေါင်း(၆၄)အုပ်စုတွင် စံညီစာကြည့်တိုက်(၂၇)တိုက်ရှိပါကြောင်း၊ ဒါ့အပြင် ကျေးရွာစံညီစာကြည့်တိုက်များ တိုးပွားရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်ဖြစ်ကြောင်းနှင့် ယခုလှူဒါန်းသည့် စာအုပ်စာစောင်များကို လှူဒါန်းသည့်အလှူရှင်များမှာ ရန်ကုန်မြို့နှင့် တံတားဦးမြို့တို့မှဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဦးဘိုမောင်ထံမှသိရသည်။
ရဲတင့်