မဘိမ်းမြို့၌ မြို့နယ်တွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မဘိမ်း ဇူလိုင် ၁                        

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်တွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းက မြို့နယ်အတွင်းရှိ လူဦးရေစာရင်းများ ပြုစုရာတွင် မှန်ကန်မှုရှိစေရေးနှင့် အချိန်မီပြီးစီးရေးတို့အတွက် ဆက်လက်ဆောင်ရွက်သွားရန်၊ မြို့နယ်နှင့်ရပ်ကွက် ကျေးရွာများ တွင် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရန်၊ ပြည်သူများအား ကာကွယ်ဆေးထိုးနှံဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်းပြီးစီးရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ မြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်သွားကြရန်၊ ဌာနအလိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ဌာနရည်မှန်းချက်များပြည့်မီရေး ဆက်လက်ဆောင်ရွက်သွားကြရန် ပြောကြားပါသည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့နယ်တွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များအား တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)