မိတ္ထီလာ ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီးဦးသာဝက ကျေးလက်နေ ပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပြန့်ပွားလာစေရန်၊ စက်ချုပ်နည်းပညာရပ်များကို အသုံးပြု၍ အဝတ် အထည်များ ဒီဇိုင်းလှပပြီး စျေးကွက်ဝင် အထည်များအဖြစ် ထုတ်လုပ်လာနိုင်စေရန်နှင့် ကျေးလက်ဒေသရှိ အမျိုးသမီးငယ် လေးများ အဆင့်မြှင့် စက်ချုပ်နည်းပညာရပ်များကို တက်ကျွမ်းပြီး တစ်နိုင်တစ်ပိုင်လုပ်ငန်း ငယ်လေးများ ထူထောင်၍ မိသားစု ဝင်ငွေတိုးပွားလာစေရန်တို့ကို ရည်ရွယ်၍ အခြေခံစက်ချုပ် သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်၊ ကျောင်းအုပ်ဆရာကြီး ဦးသာဝနှင့် သင်တန်းနည်းပြများက သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး သင်တန်းသူများအား အခြေခံစက်ချုပ်နည်းပညာများ သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခြေခံစက်ချုပ်သင်တန်းကို ရမည်းသင်း၊ ပျော်ဘွယ်၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ သင်တန်းသူ (၂၀)ဦးဖြင့် ဇူလိုင်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်း လေ့ကျင့်ခြင်းနှင့် အခြေခံချုပ်ရိုးများ ချုပ်ခြင်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ နောက်ကွဲခါးတင်အင်္ကျီ၊ အမျိုးသမီးဝတ်ရင်ဖုံးအင်္ကျီ၊ စကဒ်ချုပ်နည်း အမျိုးမျိုး၊ တစ်နှစ်အရွယ် သုံးဖြက်ဆက်အတွန့်ပါ ဂါဝန်၊ ကလေးဝတ် ဘောင်း ဘိရှည် စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)