ရမည်းသင်း ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါမျိုးသယ်ဆောင်သော ပိုးမွှာကောင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့နှင့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၇ နာရီက သိမ်ကုန်းကျေးရွာအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်၊ Abate ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပူးပေါင်းအဖွဲ့သည် သိမ်ကုန်းကျေးရွာအတွင်း တစ်အိမ်တက်ဆင်းကွင်းဆင်းကာ သွေးလွန်တုပ်ကွေးဆိုင်ရာ ဟောပြောဆွေးနွေးခြင်းများ၊ ဖုံး သွန် လဲ၊ စစ် လေ့ကျင့်ပညာပေးရာတွင် ရေစည်ရေအိုးများကို ခြင်မဝင်အောင်ဖုံးအုပ်ပါ၊ ရေစည်ရေအိုးအတွင်းပိုင်းကို တိုက်ချွတ်ဆေးကြောသွန်ပစ်ပါ၊ ညောင်ရေအိုး၊ ဘုရားပန်းအိုးများကို တစ်ပတ်တစ်ကြိမ် ဆေးကြော၍ရေလဲပါ၊ ရေစည်ရေအိုးထဲရှိ ပိုးလောက်လန်းများကို ရေစစ်ဖြင့်ခပ်ပစ်ပါ စသည်များကို ဆွေးနွေးခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများနှင့် သွေးလွန်တုပ်ကွေးရောဂါသိကောင်းစရာများကို ရှင်းလင်းပြီး လက်တွေ့ ဖုံး၊ သွန်၊ လဲ၊ စစ်၊ Abate ဆေးခပ်ခြင်း (ပိုးလောက်လန်းသတ်ဆေး) ဆောင်ရွက်ပေးကာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်ဉ္ဇူမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သိမ်ကုန်းအုပ်စု၊ အုပ်ချုပ်ရေးအဖွဲ့များက သိမ်ကုန်းကျေးရွာရှိ အိမ်ခြေ (၁၉၀၀)ကျော်အား အဖွဲ့(၈)ခွဲ့ကာ သွေးလွန်တုပ်ကွေးရောဂါကို အသိပညာပေးခြင်းနှင့် Abate ဆေးခပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင် (ခရိုင်၊ ပြန်/ဆက်)