ကွမ်းခြံကုန်း စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်ရောင်းချခြင်း မပြုလုပ်ရန်နှင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပညာပေး ကွင်းဆင်းဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းကစ၍ မြို့နယ်ကိုဗစ် ထိန်းချုပ်ရေး ကော်မတီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များအား ယနေ့မှစပြီး နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာ မရခင်အချိန်အထိ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုလုပ်ရန်နှင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ ရောင်းသူဝယ်သူတိုင်း နှာခေါင်းစည်း(mask)တပ်ရန်၊ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းကို တွေ့ရှိပါက ရောင်းချသူနှင့် စားသုံးသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)