နမ့်ခမ်း ဇူလိုင် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် (၂/၂၀၂၂) အဆင့်မြင့်စက်ချုပ် သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၁၀)အချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလောဝ်ခမ်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ်တွင် ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွားမည့် လက်သမား၊ ပန်းရံ အခြေခံပညာသင်တန်းဖွင့်လှစ်နိုင်ရေး ကိစ္စနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် အခြေခံ/အဆင့်မြင့်စက်ချုပ်သင်တန်း၊ အခြေခံလက်သမား/ပန်ရံ ပညာသင်တန်းနှင့် အခြေခံစက်ပြင်သင်တန်းတို့သည် ဒေသခံကျေးလက်နေပြည်သူများ၏ လူမှုစီးပွားမြင့်မားရေးအတွက် များစွာအထောက်အကူပြုဖြစ်ကြောင်းနှင့် ဖွင့်လှစ်သည့် သင်တန်းကာအတွင်းတွင် အကျိုးရှိရှိ စိတ်ပါဝင်စားစွာ ကြိုးစားသင်ယူသွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇွန်လ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဖွင့်လှစ်သည့် (၂/၂၀၂၂) အဆင့်မြင့်စက်ချုပ် သင်တန်းကာလအတွင်း ထူးချွန်စွာ သင်ယူတက်မြောက်သည့် သင်တန်းသူ(၃)ဦးအား ထူးချွန်ဆုများနှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများမှပေးအပ်ကာ အဆင့်မြင့် စက်ချုပ်သင်တန်း (၂/၂၀၂၂) သည် သင်တန်းသား၊ သင်တန်းသူ (၂၁)ဦးနှင့် အဝတ်အစားအင်္ကျီဒီဇိုင်း (၁၂)မျိုး သင်ကြားပေးခဲ့ ကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)