သိန္နီ ဇွန် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ဒေသခံတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံအထွက်တိုးအောင်မြင်စေရေး၊ ဓါတ်မြေဩဇာများကို နည်းစနစ်မှန်ကန်စွာ အသုံးပြုနိုင်ရေးအတွက် သိန္နီမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းကျေးရွာများရှိ တောင်သူများအား ယူရီးယားဓါတ်မြေဩဇာများကို နိုင်ငံတော်မှ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေရောင်းချပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က သိန္နီမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် သိန္နီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်းက သိန္နီမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် ဓါတ်မြေဩဇာများကို မှန်ကန်စွာ အသုံးချနိုင်ရေး၊ သီးနှံများအထွက်တိုး နိုင်ရေးအတွက် နိုင်ငံတော်မှ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသော ယူရီးယားဓါတ်မြေဩဇာများကို ဝယ်ယူအသုံးပြုခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍအား မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးရာဇာအောင်က ယူရီးယားဓါတ်မြေဩဇာ သုံးစွဲနိုင်မှုအခြေအနေ၊ ယူရီးယားဓါတ်မြေဩဇာ တစ်အိတ်လျှင် (၉၂၀၀၀/)ကျပ်နှုန်းဖြင့် တောင်သူများ လက်ဝယ်အရောက် နိုင်ငံတော်မှ ရောင်းချပေးခြင်းဖြစ်ပြီး ပြင်ပတွင်ဝယ်ယူရပါက (၉၆၀၀၀/)ကျပ်နှုန်းဖြင့် ဝယ်ယူရမည်ဖြစ်ကြောင်း၊ သိန္နီမြို့နယ်တွင် ကျေးရွာ(၂၀)မှ တောင်သူ(၁၂၀)ဦးအား ဈေးနှုန်းသက်သာစွာဖြင့် ယူရီးယားဓါတ်မြေဩဇာများကို ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)