တွံတေးမြို့နယ်၊ မင်္ဂလာလူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာဘုန်းတော်ကြီးကျောင်း၌ ဝါဆိုသင်္ကန်းဆပ်ကပ်ခြင်းနှင့် ကလေးများအားတစ်နေ့တာအာဟာရဒါနလှူဒါန်း

တွံတေး ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ဘုရားကြီးစံပြကျေးရွာရှိ မင်္ဂလာလူငယ်ဖွံဖြိုးရေး ပရဟိတဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ၊ သာမဏေများအား တွံတေးမြို့နယ်လုံခြုံရေးတပ်ရင်းမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီးဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများစုပေါင်း၍ တစ်နေ့တာအဟာရဒါနနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အလှူငွေများ၊ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ လုံခြုံရေးတပ်ရင်းမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်မိသားစုများ၊ ဌာနဆိုင်ရာအကြီးအကဲများက ကျောင်းတိုက်၏နာယကဆရာတော်ဘဒ္ဒန္တပညာနန္ဒထံမှ ငါးပါးသီလခံယူကြပြီး ဝါဆိုသင်္ကန်းနှင့် အလှူငွေ(၁၀)သိန်းကျပ်အား ဆရာတော်ထံဆက်ကပ်လှူဒါန်းကာ ရေစက်ချတရားနာယူကြကြောင်း သိရသည်။

ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဆရာတော်စောင့်ရှောင်ထားသော ပရဟိတဂေဟာကလေးငယ် ကျောင်းသား၊ ကျောင်းသူ(၁၈၂)ဦးအား တစ်နေ့တာအာဟာရဒါနကျွေးမွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ကလေးငယ်များအား ကြည့်ရှုအားပေးစကားပြောကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မင်္ဂလာလူငယ်ဖွံဖြိုးရေးပရဟိတကျောင်းတွင် မိဘမဲ့ကလေးငယ်(၁၆၀)ဦး၊ ရင်ခွင်မဲ့ကလေးငယ်(၂၂)ဦး စုစုပေါင်း(၁၈၂)ဦးကို ဆရာတော်သံဃာတော်အရှင်သူမြတ်(၁၀)ပါး၊ ကိုရင်(၆)ပါးနှင့် ကလေးပြုစုစောင်ရှောက်သူ(၈)ဦးတို့ဖြင့် ပြုစုစောင့်ရှောက်​ပေးလျက်ရှိကြောင်းသိရှိရသည်။

မျိုးလှိုင် (တွံတေး)