ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

ချောင်းဆုံ ဇွန် ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းဝင် ကျေးရွာ (၈)ရွာသို့ (VDP) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့ နံနက်ပိုင်းကစ၍ အဆိုပါ စီမံကိန်းဝင်ကျေးရွာများ၌ တာဝန်ရှိသူများက ကွင်းဆင်း၍ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ဦးစီးအရာရှိ) ဒေါ်စန်းစန်းမော်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) သည် ကျေးရွာ လိုအပ်ချက်ကို ကျေးရွာသူ/သားများက ရွေးချယ်ခြင်း၊ ဆုံးဖြတ် အကောင်အထည်ဖော်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းစနစ်ဖြင့် ဆောင်ရွက်သည့် စီမံကိန်းဖြစ်ကြောင်း၊ ကျေးရွာလူထု ကိုယ်တိုင် မိမိကျေးရွာအတွက် ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စုပေါင်းပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရန်ဖြစ်ကြောင်း၊ ပြောကြားပြီး စီမံကိန်း တာဝန်ခံဝန်ထမ်းများက ကျေးရွာကော်မတီ ရွေးချယ်ခြင်း သတ်မှတ်ချက်များ စီမံကိန်းလုပ်ငန်းများ ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များကို ရှင်းလင်း ပြောကြားကာ (VDP) စီမံကိန်းဆောင်ရွက်ရန်အတွက် လိုအပ်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်း ရွေးချယ်ခြင်းတို့ကို ကျေးရွာသူ/သားများ၏ အများဆန္ဒဖြင့် ဆောင်ရွက်ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် (VDP) စီမံကိန်း(၁၂)ရွာ ရွေးချယ်ထားရှိပြီး ယနေ့တွင် စီမံကိန်းဝင်ကျေးရွာများဖြစ်သည့် (ခရိုက်ဒူး၊ ဆယ်ပလာ၊ ကွင်းကလိန်၊ ကမာကေး၊ ကွမ်လှာ၊ ကုလားဘီ၊ ခရိုက်သစ်၊ နတ်မှော်)ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း အဆိုပါစီမံကိန်းဝင်ကျေးရွာ တစ်ရွာလျှင် စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၀၀)စီနှင့် ကျေးရွာလူထု ထည့်ဝင်ငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံ (ပြန်/ဆက်)