နောင်ချို ဇွန် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကြည်တိုးက အဖွင့်အမှာစကားပြောကြားပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရဲလင်းဦးက မြို့နယ်ရပ်ရွာများအတွင်း လုံခြုံရေးကိစ္စများကို အထူးအလေးထားဆောင်ရွက်ကြရန်နှင့် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးစိုင်းအောင်ဇော်ထွန်းက လုံခြုံရေးနှင့်ပက်သက်၍ သတင်းရလျှင်ရခြင်း အချိန်မီသတင်းပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြုလုပ်မည့် တိရစ္ဆာန်ကုသရေးသင်တန်းသို့ ကျေးရွာအုပ်စုများမှ တက်ရောက်ကြစေလိုကြောင်း၊ အခြေခံပညာကျောင်းများ၌ ၅ နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ၎င်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက်ဆောင်ရွက်နေမှုအပေါ် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး တင်ပြခဲ့ကြပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။
နောင်ချိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးတွက် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ်ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)