မိုင်းယောင်းမြို့၌ ပရိယတ္တိပညာသင်ယူရန် အစည်းအဝေးကျင်းပ

မိုင်းယောင်း ဇွန် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်တွင် ပရိယတ္တိပညာသင်ယူရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မိုင်းယောင်းမြို့ ကျက်သရေဆောင် ဟိုခုံသာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပကြောင်း မြို့နယ်သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သောထံမှ ပရိယတ္တိပညာသင်ယူခြင်းဆိုင်ရာ အနုမောဒနာတရား နာယူကာသာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီဝေက သာသနာရေးဆိုင်ရာများကို ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်က ကော့ခွယ်ကျေးရွာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကျောင်း တည်ဆောက်ရေးအတွက် အလှူငွေကျပ်ငါးသိန်းလှူဒါန်းပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များ၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီဝေနှင့် ဒုတိယဦးစီးမှူး ဦးရဲရင့်အောင်၊ မြို့နယ်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးနန်မဟာလျှဲန်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း