မိုင်းဖြတ်မြို့နယ်၌ သဘာဝဘေးအန္တရာယ်နှင့် စာပေအသိပညာပေးဟောပြောပွဲ ပူးပေါင်းဆောင်ရွက်

မိုင်းဖြတ် ဇွန် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲ ၁နာရီက အထက(ဟိုနား)ကျောင်းရှိခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် “ဂုဏ်ရည်လှဖို့ စာဖတ်စို့ ခေါင်းစဉ်ဖြင့် ဘဝအလှဂုဏ်ရည်၊ စာဖတ်ခြင်းနည်းလမ်းဆိုင်ရာ စာပေအကြောင်း သိကောင်းစရာများ ရှင်းလင်းဟောပြောခဲ့သည်။  ယင်းနောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးရာဇာဝင်းထွန်းက  မိမိတို့ဦးစီးဌာနအနေဖြင့် သဘာဝဘေးများကြောင့် ပြည်သူတို့၏အသက်၊ အိုးအိမ်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ပါက လက်တလော သက်သာချောင်ချိရေးအတွက် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ သဘာဝဘေးအမျိုးအစားများ၊ သဘာဝဘေးအန္တရာယ်ဖြင့် လူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုမဖြစ်ပေါ်အောင်၊ တတ်နိုင်သမျှ လျော့နည်းအောင် ကြိုတင်ကာကွယ် တားဆီးနိုင်မည်နည်းလမ်းများ၊ ရာသီဥတုအလိုက်ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များကို  ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်များဆိုင်ရာအကြောင်း သိကောင်းစရာများ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန် /ဆက်)