ညောင်ရွှေ ဇွန် ၃၀
ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်(၉)နာရီက ကလောခရိုင် ညောင်ရွှေမြို့နယ် နဒီကန်မှ အင်းလေးကန် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးကြကြောင်း သိရသည်။
အဆိုပါ နဒီကန်မှ အင်းလေးကန် သဘာဝရေပြင် အတွင်းသို့ ငါးမြစ်ချင်း (၅၀၀၀၀)ငါးသောင်း၊ ငါးခုံးမ (၅၀၀၀၀) ငါးသောင်း၊ ငါးဖိန်းရွှေဝါ(၁၀၀၀၀၀)တစ်သိန်း၊ စုစုပေါင်း ငါးမျိုးစိုက်(၂၀၀၀၀၀)နှစ်သိန်း ထည့်ပေးကြကြောင်း သိရသည်။
ဆက်လက်၍ တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းကော်မတီများ တက်ရောက်ကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၁)ရက် ဝါဆိုလဆန်း(၁၄)ရက်တွင် ကျင်းပပြုလုပ်မည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူ ဒါန်းပူဇော်ပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကြိုတင်ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ ဝါဆို သင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲကိုကျင်းပရာမှာ စည်ကားသိုက်မြိုက်စွာဖြင့် အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင် ရာဌာနများက စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ထို့နောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်၊ အတွင်းရေးမှူးများက ဆွေးနွေးတင်ပြကြပြီး လုပ်ငန်းကော်မတီများမှ အသီးသီးဆွေးနွေးတင်ပြကြ၍ အထွေထွေဆွေးနွေးကြကာ ဆွေးနွေးတင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)