သီပေါ ဇွန် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အစည်းအဝေးကို တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းလိုအပ်ချက်များကို ကဏ္ဍအလိုက် အသီးသီးပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ရောဂါသည် လုံးဝပျောက်ကွယ်သွားခြင်းမဟုတ်သည့် အတွက် အားလုံးဂရုပြုနေထိုင်ကြပါရန် စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးပြေငြိမ်းမှ လာမည့် ဇူလိုင်လ (၇) ရက်နေ့တွင် မြို့လယ်ဓမ္မာရုံမဟာသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်မည့် (၁၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာသီလရှင်ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သီလရှင်အပါးပေါင်း(၆၀၈)ပါးအား လောင်းလှူမည်ဖြစ်ကြောင်း၊ အစည်းအဝေးတက်ရောက်လာသူများမှ သဒ္ဓါတတ်အားသရွေ့နည်းများမဆို ပါဝင်လှူဒါန်းပေးနိုင်ကြပါရန် နှင့် လှူဖွယ်ပစ္စည်းများဖြင့်လည်းဌာနများအလိုက် သွားရောက်လောင်းလှူနိုင်ပါကြောင်းကိုလည်းကောင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးစိုင်းမင်းလွင်မှ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ လမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ပိုးအိအိစိုးမှ ယခုနှစ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ ရပ်ရွာများတွင် လိုအပ်လျကရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြကာ အသီးသီး အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်လလျှင်(၂)ကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး အစည်းအဝေးသို့ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)